Monday, November 03, 2008
နယ်စပ်မြို့လေး တာချီလိတ်
တစ်ခါခါမှာ ဖြစ်ခဲ့ဖူးသမျှ အရာအားလုံးကို မေ့ထားချင်လို့ လူတွေနဲ့ ကင်းကင်းနေခဲ့ပေမယ့်လည်း ပြဿနာက လမ်းမမှားဘဲ ကိုယ့်ဆီတမင်သက်သက် ဝင်လာတာမျိုးလဲ ရှိတတ်တယ်။ အဲဒီလို မဖိတ်မခေါ် ကိုယ့်ဆီတည့်တည့် ဝင်လာတဲ့ အရှုပ်ထုပ်တစ်ခုကြောင့် စိတ်ရှုပ်တဲ့ စနေမတစ်ယောက် တနင်္ဂနွေနေ့ ညနေမှာ ဘုရားပေါ် ရောက်သွားခဲ့တယ်။ (သီလရှင် ဝတ်ဖို့ မဟုတ်ပါဘူး)
တကယ်တော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ ဒီမြို့လေး (တာချီလိတ်မြို့) ကို ကျွန်မရောက်ဖူးတာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ ၁၉၉၄ခုနှစ် ပထမဆုံးအကြိမ် ရောက်တုန်းက တာချီလိတ်ဟာ နေအိမ်ကျိုးတိုကျဲတဲ၊ ဖုန်တထူထူနဲ့ မစည်ကားခဲ့သေးပါဘူး။ အဲဒီတုန်းက မကြာခဏ မငြိမ်မသက်ဖြစ်ချိန်မို့ တာချီလိတ်ကို လာရတာခက်ပါတယ်။ နယ်စပ်ဒေသမို့ အသက် ၂၅နှစ်မကျော်ရင် ပိုခက်ပါတယ်။ တာချီလိတ်ကို ကား၊ လေယာဉ်နဲ့ လာလို့ရပါတယ်။ ကားနဲ့ဆိုရင် တောင်ကြီး၊ လွိုင်လင်၊ မိုင်းဖြတ်၊ တာလေ၊ ကျိုင်းတုံ ဖက်ကနေ လာရပြီး လေယာဉ်က ရန်ကုန်၊ မန္တလေး၊ ဟဲဟိုးဖက်ကနေ လာလို့ရပါတယ်။
ရှမ်းလူမျိုးတွေက တာချီလိတ်ဒေသခံဖြစ်ပြီး အာခါ၊ လားဟူ၊ ဝ၊ တရုတ်နဲ့ ဗမာလူမျိုးတွေလည်း နေထိုင်ကြပါသေးတယ်။ ကျွန်မပထမအကြိမ် ရောက်တုန်းက ဗမာလူမျိုးတွေ များများစားစား မတွေ့ခဲ့ရပေမယ့် ဒီတစ်ခေါက်လာတော့ ရေကြည်ရာ မြက်နုရာဆိုသလို ပြောင်းရွေ့လာကြတဲ့ အောက်မြန်မာပြည်က ဗမာလူမျိုးတွေ များလာတာ တွေ့ရပါတယ်။
ဒီမြို့မှာ စီးပွါးရေးအနေနဲ့ ကိုယ်ပိုင်ဆိုင်ခန်းတွေ ဖွင့်ထားတာများပြီး နယ်စပ်ဒေသမို့လားမသိ ဘာလုပ်မှန်းမသိဘဲ ကြီးပွါးနေတာတွေလည်း တွေ့ရပါတယ်။ (ဒါကိုတော့ ကျွန်မ တကယ်မသိပါဘူး)။ ငွေကြေးအနေနဲ့ ဒီနေရာမှာ နှစ်မျိုးသုံးကြတာ တွေ့ရပါတယ်။ အဓိကထားသုံးတာက ယိုးဒယားဘတ်ငွေဖြစ်ပြီး အစိုးရရုံးမှာပဲ မြန်မာကျပ်ငွေကို သုံးပါတယ်။ ယိုးဒယား ဘတ်ငွေက တစ်ပဲတစ်ပြားလည်း တန်ဖိုးရှိတဲ့အတွက် သာမန်လက်လုပ်လက်စားတွေ ပြည်တွင်းထဲကနဲ့စာရင် ဒီမြို့မှာ လုပ်စားရ ပိုအဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။

တာချီလိတ်မှာ အ.ထ.က ကျောင်း နှစ်ကျောင်းနဲ့ အလယ်တန်းကျောင်းတွေ ရှိတယ်ဆိုပေမယ့် မြန်မာကျောင်းမနေကြတဲ့ ကလေးတွေ များတာကို သတိထားမိပါတယ်။ တတ်နိုင်သူတွေက တစ်ဖက်ကမ်းမှာရှိတဲ့ ယိုးဒယားကျောင်းတွေမှာ သွားတက်ကြပြီး တစ်ချို့မြို့ပေါ်ရောက်စ ဝနဲ့ အာခါကလေးတွေလည်း တရုတ်ကျောင်းနဲ့ ပြီးသွားတာများပါတယ်။
တစ်ဖက်ကမ်းက ယိုးဒယားနိုင်ငံ မယ်ဆိုင်မြို့နဲ့ တာချီလိတ်မြို့ကို တံတားတစ်ခုသာ ခြားထားပါတယ်။ ငါးမိနစ် အကွာအဝေးပဲ ရှိပါတယ်။ မယ်ဆိုင်ကို သွားချင်ရင် မှတ်ပုံတင်၊ မြန်မာကျပ်ငွေ ၅ဝဝနဲ့ ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ရပြီး လူဖြတ်သန်းခ ကျပ်၅ဝဝနဲ့ နေ့စဉ်ဖြတ်သန်းလို့ရသလို ညအိပ်ညနေအတွက် တစ်ပတ်ခွင့်ပြုပါတယ်။
သွားလာရေးအနေနဲ့ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေ စီးကြသလို ဆိုင်ကယ်တက်စီ၊ ဘတ်စ်ကားနဲ့ ဆိုက်ကားတွေလည်း ရှိပါတယ်။ အိမ်တစ်အိမ်မှာ ဆိုင်ကယ်နှစ်စီးနှုန်း ရှိကြတဲ့အတွက် လမ်းမကြီး တစ်လမ်းသာရှိတဲ့ တာချီလိတ်မြို့ရဲ့ မင်းလမ်းက ဆိုင်ကယ်တွေနဲ့ အမြဲရှုတ်နေတတ်ပါတယ်။
ဒီမြို့ကို ကျွန်မရောက်တာ ၁လကျော် ရှိနေပါပြီ။ ဒါပေမယ့် ပူလွန်းလို့ နေရာတော်တော်များများကို မရောက်ဖူးသေးပါဘူး။ ကျွန်မရောက်ဖူးတဲ့နေရာ၊ သိသလောက်သာ ချရေးလိုက်ပါတယ်။ စိတ်ရှုပ်တာ နည်းနည်းသက်သာသွားသလိုပဲ (ဆိုင်လားတော့ မသိဘူး) နောင်များမှ တာချီလိတ်မြို့အကြောင်း ပြည့်ပြည့်စုံစုံ ရေးပါအုန်းမယ်။
No comments:
Post a Comment